|

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု – အပိုင်း (၇)

မဲခေါင်ဒေသ စီးပွားရေးဖွံ့ဖြိုးရေးစီမံကိန်းနှင့် ထားဝယ်အထူးစီးပွားရေဇုန် စီမံကိန်းအလားအလာ

မြန်မာ့နိုင်ငံရေး တဆင့်ချင်း တဖြည်းဖြည်းပြောင်းလဲ လာနေတာကို ဒေသတွင်း အာဆီယံအသင်းဝင် နိုင်ငံတွေသာမက စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြတဲ့ အနောက်နိုင်ငံများကပါ သတိပြုလာကြပြီး ထိုအပြောင်းအလဲနဲ့ လိုက်လျောညီထွေ အပြုသဘော တုံ့ပြန်ခဲ့ကြတယ်။

Geater Mekong Sub-region Economic Corridors အခြေပြမြေပုံ

Geater Mekong Sub-region Economic Corridors အခြေပြမြေပုံ

ပထမဆုံး သိသာထင်ရှားတဲ့ ရလဒ်ကတော့ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာကို အသင်းကြီးရဲ့ ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးဖို့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

ထို့အတူ အာဆီယံရဲ့ အဓိကဆွေးနွေးဘက် မဟာမိတ်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ်ကူညီနေတဲ့ အမေရိကန်နိုင်ငံသမ္မတ ဘာရက်အိုဘာမားကလည်း အစပျိုး ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံကို နောက်ကြောင်းပြန်မလှည့်မယ့် သမိုင်းဝင် အပြောင်းအလဲတွေဆီ ဦးတည်စေဖို့နဲ့ ထိုအပြောင်းအလဲကာလကို အမိအရ ဆုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို နေပြည်တော်ကို စေလွှတ်ခဲ့တယ်။

နိုင်ငံရေးအပြောင်းအလဲကို သတိထားပြုလုပ်နေတဲ့ မြန်မာအစိုးရအနေနဲ့ ကာလရှည်ကြာ ကျဆင်းနေတဲ့ စီးပွားရေးကို အချိန်တိုအတွင်း အလျင်အမြန်တိုးတတ်ဖို့ အစီအစဉ်တွေချပြီး ခပ်စိပ်စိပ်ပဲ ဆောင်ရွက်လာတာ တွေ့ရပါတယ်။

အဲ့ဒီအစီအစဉ်တွေထဲက အနာဂတ်မှာ ဒေသတွင်း ပထဝီစီးပွားရေးမှာ မြန်မာ့နိုင်ငံရဲ့ အရေးပါမှုကို မြှင့်တင်ရန် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ အာဆီယံနိုင်ငံတွေအကြား တပြေးညီ ဖွံ့ဖြိုးရေးအတွက် အခရာကျတဲ့ မဲခေါင်ဒေသဖွံ့ဖြိုးရေးကို ထားဝယ်စီမံကိန်းက ကြီးကြီးမားမား အထောက်အကူပြုလိမ့်မယ်လို့ စီမံကိန်းမှာ အဓိကပါဝင်နေတဲ့ ထိုင်းနဲ့ မြန်မာတို့က ယုံကြည်ကြပါတယ်။

မဲခေါင်ဒေသနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အာရှရဲ့ အရှေ့ဥရောပ နိုင်ငံတွေအလား နိုင်ငံရေးအပြောင်းအလဲကို အသီးသီးကြုံတွေ့ခဲ့ရပြီး အာဆီယံရဲ့ နောက်တိုး အသင်းဝင်နိုင်ငံသစ်တွေ ဖြစ်လာကြတယ်။ CLMV လို့ အတိုကောက် လူသိများတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေဟာ စီးပွားရေးဖွံ့ဖြိုးမှု မြန်ဆန်နေတဲ့ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့နောက် အမီလိုက်ဖို့ ကြိုးပမ်းလာကြတယ်။

CLMV နိုင်ငံတွေဖွံ့ဖြိုးရေးအတွက် မဲခေါင်ဒေသ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ကိုလည်း အကောင်အထည်ဖော်လာကြပါတယ်။ ကုန်းမြေတဆက်တစပ်တည်းရှိတဲ့ CLMV နိုင်ငံတွေအကြား နယ်စပ်ဖြတ်ကျော် အာရှအဝေးပြေးလမ်းမကြီးတွေ တည်ဆောက်ပြီး ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို တိုးမြှင့်ဆောင်ရွက်ရန် စီမံကိန်းတွေ ချမှတ်လုပ်ဆောင်ခဲ့ကြတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီနဲ့ စီးပွားရေးလမ်းမကြီးတွေ (Economic Corridors) တည်ဆောက်လာတာ ဆယ်စုနှစ်တခု ကျော်လာခဲ့ပါပြီ။ ဒီလမ်းမကြီးတွေထဲက အရှေ့အနောက်စီးပွားရေး လမ်းမကြီး (East-West Economic Corridor) နဲ့ တောင်ပိုင်း စီးပွားရေးလမ်းမကြီး (Southern Economic Corridor) နှစ်ခုမှာ မြန်မာနိုင်ငံဟာ မဲခေါင်ဒေသရဲ့ အနောက်ဘက်ထွက်ပေါက် (Western Gateway) ဖြစ်ပြီး ဗီယက်နမ်နိုင်ငံက အရှေ့ဘက်ထွက်ပေါက် (Eastern Gateway) အဖြစ် မဟာဗျူဟာကျကျ ရှိနေပါတယ်။

ဒါပေမယ့် ဘယ်လိုပဲ ပထဝီအနေအထား အချက်အချာကျပါစေ၊ တိုင်းပြည်မှာ သယံဇာတ ဘယ်လောက်ပဲ ကြွယ်ဝနေပါစေ၊ နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့နိုင်ငံဟာ စီးပွားရေး မဖွံ့ဖြိုးနိုင်ဘူးဆိုတာ ဗီယက်နမ်နဲ့ မြန်မာတို့ရဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း တိုးတက်ပြောင်းလဲမှုတွေက သက်သေပါပဲ။

တချိန်က အရှေ့တောင်အာရှဒေသရဲ့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ ရန်သူ အမေရိကန်ကို မိတ်ဆွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အခုအချိန်မှာ CLMV ထဲက စီးပွားရေးအတိုးတတ်ဆုံး နိုင်ငံအဖြစ် ပေါ်ထွက်လာပါတယ်။ မြန်မာနိုင်ငံလိုပဲ ဗဟိုချုပ်ကိုင်တဲ့ ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်ကနေ လမ်းခွဲခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ၁၉၈၅ ခုနှစ်မှာ စတင် မြေစမ်းခရမ်းပျိုးခဲ့တယ်။

အင်ဒိုချိုင်း နားစစ်ပွဲ ချုပ်ငြိမ်းခဲ့တာနဲ့ နိုင်ငံတွင်း တိုင်းရင်းသားလူမျိုးများအကြား စိတ်ဝမ်းကွဲပြားပြီး လက်နက်ကိုင်ပဋိပက္ခများ မရှိတဲ့အချက်ကပင် တံခါးဖွင့်လာတဲ့ ဗီယက်နမ်ဈေးကွက်ကို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းဝင်ရောက်လာတဲ့ အခြေခံအကြောင်းရင်းတခု ဖြစ်ခဲ့ပါတယ်။ ရန်သူအမေရိကန်ကို စီးပွားရေးမဟာမိတ်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ဗီယက်နမ်ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှု အရည်အသွေးကလည်း အဓိကကျပါတယ်။

မြန်မာခေါင်းဆောင်တွေ ဗီယက်နမ်ခြေလှမ်းမျိုး စလှမ်းနိုင်ပါ့မလား။ အခုအချိန်ထိတော့ နိုင်ငံမှာ အမျိုးသားစိတ်ဝမ်းကွဲပြားမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေရှိနေဆဲဖြစ်ပြီး အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပျက်ကွက်နေတုန်းပါပဲ။

ဘယ်လိုပဲ ကြီးမာတဲ့စီးပွားရေး ဈေးကွက်ကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံအကြား ပထဝီစီးပွားရေးအချက်အချာ ကျကျတည်ရှိနေနေ၊ ရှည်လျားတဲ့ တောင်ဘက်ပိုင်း ကမ်းရိုးတန်းကနေ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ ရေခံမြေခံကောင်းတွေ ရှိနေနေ မြန်မာနိုင်ငံဟာ ဒေသတွင်း အပြောင်းအလဲတွေကို မလေ့လာ သင်ခန်းစာ မယူဘူးဆိုရင် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းတွေ ထင်သလောက် ခရီးမတွင် ဖြစ်နေပါလိမ့်မယ်။ အခုလည်း စီမံကိန်း အကောင်အထည်ဖော်လာတာ တနှစ်ကျော်လာပေမယ့် မယ်မယ်ရရ ဘာမှမတွေ့ရသေးပါဘူး။

ဘယ်လိုဖြစ်လို့ပါလဲ။ အခြေခံအကြောင်းတရားတချို့ ရှိနေတယ်ဆိုရင် ပထမဆုံးအလွယ်တကူ လက်ညှိုးထိုးတတ်ကြတာက အနောက်နိုင်ငံကြီးတွေရဲ့ အရေးယူပိတ်ဆို့မှုတွေပဲဖြစ်တယ်။ တကယ်တော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းအောင် မလုပ်ဆောင်နိုင်သေးတဲ့အချက်က စွန့်စားမှုလုပ်ရမယ့် နိုင်ငံခြားကုမ္ပဏီတွေ တွန့်ဆုတ်နိုင်တဲ့ အဓိက အကြောင်းတရာတခုပါ။ နယ်စပ်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေသရွေ့ မဲခေါင်ဒေသ စီးပွားရေးမဟာစင်္ကြန် လမ်းမကြီးမှာ မြန်မာနိုင်ငံလျှောက်လှမ်းဖို့ ခက်နေဦးမှာပါ။

နောက်တချက်က ဈေးကွက်စီးပွားရေးကို စတင်ကျင့်သုံးလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပေမယ့် စီးပွားရေးတိုးတတ်ဖို့အတွက် အခြေခံလိုအပ်တဲ့ ခိုင်မာခေတ်မီတဲ့ ငွေကြေးဆိုင်ရာမူဝါဒနဲ့ ငွေကြေးချောမွေ့စွာ စီးဆင်းလည်ပတ်မှုကို အာမခံနိုင်တဲ့ ဘဏ်လုပ်ငန်း အခြေခံအဆောက်အအုံကို အခုအချိန်ထိ မတည်ဆောင်နိုင်သေးတာပါပဲ။

မက်ခရိုစီးပွားရေးတိုးတက်မှုအတွက် မြန်မာအစိုးရအနေနဲ့ မကြာခင်က အထူးစီးပွားရေးဇုန် ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Italian-Thai Development PCL ကိုလည်း စီမံကိန်းတခုလုံးတည်ဆောက်ဖို့ မြေငှားရမ်းခဲ့သလို လုပ်ပိုင်ခွင့်လည်း အပြည့်အဝ ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း နိုင်ငံခြားကုမ္ပဏီကြီးတွေကမှ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ကြေညာတာ မတွေ့ရသေးပါဘူး။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိက အဟန့်အတားဖြစ်နေတဲ့ အချက်တခုက မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်း အမျိုးမျိုးဖြစ်နေတဲ့ အချက်ပါပဲ။ ဒါကို ပြင်ဆင်နိုင်ဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ကြီးရဲ့ အကူအညီနဲ့ အစိုးရအသစ်အနေနဲ့စတင်ဆောင်ရွက်လာတာ တွေ့ရပြီး ပုဂ္ဂလိကဘဏ်တွေကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့တယ်။

တရားဝင် ငွေလဲနှုန်း တမျိုးတည်းဖြစ်အောင် မပြောင်းလဲနိုင်သေးပေမယ့် အသစ်ဖွင့်လှစ်တဲ့ ငွေလဲကောင်တာတွေမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ငွေလဲနှုန်းသတ်မှတ်လာပါတယ်။ ဒါပေမယ့် မိမိမှာရှိတဲ့ နိုင်ငံခြားငွေကို လဲလှယ်ချင်သူတွေအတွက် အဲ့ဒီငွေကို ဘယ်လို ရရှိထားကြောင်း အထောက်အထားတွေ ပြနေရပါသေးတယ်။

ဒီလိုဖြစ် ပေါ်တိုးတက်မှု အသေးအဖွယ်လေးကို ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် ငွေကြေးဆိုင်ရာ ဖြေလျော့မှုကြီးတခုအဖြစ် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအကြား အားရကျေနပ်နေခဲ့ရပေမယ့် ဒေသတွင်းနိုင်ငံတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့နှိုင်းယှဉ်ကြည့်ရင် ရယ်စရာတောင် ကောင်းနေပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ကမ္ဘောဒီယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို လေ့လာရေးနဲ့ အလည်အပတ်ခရီးစဉ်အဖြစ် စာရေးသူရောက်ခဲ့စဉ်က အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးမျိုးစုံကို လမ်းဘေးမှာ မည်သူမဆို အလွယ်တကူ လဲလှယ်လို့ရပါတယ်။ လမ်းဘေးဈေးသည်ကအစ သူတို့နိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားတွေကို အမေရိကန်ဒေါ်လာနဲ့ ရောင်းဝယ်နေကြပြီး နိုင်ငံခြားဝင်ငွေ တိုက်ရိုက်ရရှိ ခံစားနေကြပါပြီ။ လက်ထဲက နိုင်ငံခြားငွေ တကျပ် တပြားကို ဘယ်ကရသလဲဆိုတာ ဘယ်အစိုးရကမှ စစ်ဆေးမနေတော့ပါဘူး။

နိုင်ငံခြားငွေလဲနှုန်း တခုတည်း ထားနိုင်ရှိရေးက တိုင်းပြည်ရဲ့ မက်ခရိုစီးပွားရေးမူဝါဒ (Macroeconomic Policy) အတွက် အရေးကြီးသလို ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ငွေမာ (Hard Currency) အဖြစ်သတ်မှတ်ထားတဲ့ ဒေါ်လာနဲ့ ယူရိုလို နိုင်ငံတကာငွေကြေးတွေကို နိုင်ငံသားတွေ လွတ်လွတ်လပ်လပ် လက်ဝယ်ပိုင်ဆိုင်သုံးစွဲခွင့်ပေးမယ်ဆိုရင် ဒါဟာလည်း မြန်မာနိုင်ငံသားတွေအတွက် အရေးပါတဲ့ စီးပွားရေးလွတ်လပ်ခွင့် ရရှိလိုက်တာပဲ ဖြစ်တယ်။

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ငွေထုတ်စက် (ATM) မရှိသေးတဲ့ တခုတည်းသောနိုင်ငံပါ။ မြန်မာနိုင်ငံကို မရောက်ဖူးလို့ အလည်အပတ်သွားချင်တဲ့ မိတ်ဆွေထိုင်းလူမျိုး တချို့က အကြံဉာဏ်တောင်းလာတဲ့အခါ ပထမဆုံး ပေးမိတဲ့အကြံက ငွေကြေးတမျိုးမျိုးကို လက်ထဲမှာ အလုံအလောက် ကိုင်ဆောင်သွားဖို့နဲ့ မိမိမှာပါသွားတဲ့ ATM ကတ်ပြားကို အားမကိုးဖို့ မှာမိတတ်ပါတယ်။ လာအိုနိုင်ငံလို ကုန်တွင်းပိတ်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံမှာတောင်မှ ATM ကတ်တွေကို အလွယ်တကူသုံးလို့ရနေပြီ။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီရှိနေပြီး သူတို့ရဲ့လုပ်အားခတွေနဲ့ စုဆောင်းငွေတွေကို လစဉ် မြန်မာပြည်ကို ပြန်ပို့နေတာ ထိုင်းဘတ်ငွေ သိန်းပေါင်းရာနဲ့ ချီရှိပါတယ်။ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း အဆက်အသွယ်မရှိလို့ “ဟွန်ဒီ” လို့ခေါ်တဲ့ တရားမဝင် ငွေလွှဲတဲ့နေရာတွေကနေ နည်းလမ်းအမျိုးမျိုးနဲ့ လွှဲနေကြရပါတယ်။ ဒီလို အခြေခံငွေလွှဲစနစ် ဝန်ဆောင်မှုကို အစိုးရတရပ်အနေနဲ့ မလုပ်ဆောင်နိုင်သေးသရွေ့ ထားဝယ်ဒေသမှာ လာရောက် အလုပ်လုပ်ကိုင်ကြမယ့် ထိုင်းလူမျိုး အများဆုံးပါဝင်နိုင်တဲ့ နိုင်ငံခြားသားလုပ်သားတွေအတွက်လည်း အခက်အခဲတွေ့ရပါလိမ့်မယ်။

ငွေကြေးစီးဆင်းမှုနဲ့ သုံးစွဲမှုအဆင်ပြေရေးဟာလည်း ထားဝယ်အထူးစီးပွားရေးဇုန်လို ဧရာမစီးပွားရေး စီမံကိန်းကြီးတွေနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အသက်တမျှ အရေးကြီးသလို အခြေခံလူတန်းစားအဆင့်အထိ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ရောက်ရှိပါမှ ငွေကြေးလွတ်လပ်ခွင့်တွေ ခံစားခွင့်ရရှိပါမှ တိုင်းပြည်စီးပွားရေး အနာဂတ်ကောင်းမှာ ဖြစ်ပါတယ်။

ထက်အောင်။ DVB သတင်းဌာနမှ ကူးယူဖေါ်ပြသည်။

Recently Commented

  • Thu Rein: Dear Tavoyanvoice, many thanks for publishing it. By the wat, please Let me know the contact to U Nyana...
  • စိုးကိုဦး: အခုတော့ကွန်ကရစ်လမ်းခင်းတော့မှာ တဲ့…ဘိလပ်မြေဖျော်တဲ့စက်ြ ကီးတောင်လာထောင်ထားတယ်.. နွေတက်ရင်ခင်းမယ်လို...
  • Htun Lwin Oo: welcome
  • Htun Lwin Oo: Very good news for our Tavoyan people.

Recently Added

Counter

  • 199This post:
  • 110539Total reads:
  • 61Reads today:
  • 130Reads per month:
  • 58890Total visitors:
  • 54Visitors today:
  • 115Visitors per month:
  • 2Visitors currently online:
  • January 1, 2012Counter starts on: